မြန်မာ့ဆက်သွယ်ရေး တင်ဒါအောင် ကုမ္ပဏီ နှစ်ခု မိုဘိုင်းကွန်ရက် တည်ဆောက်ရန် စပြင်

ဆက်သွယ်ရေး တင်ဒါ အောင်မြင်ထားသော နော်ဝေ ကုမ္ပဏီ တယ်လီနောနှင့် ကာတာ ကုမ္ပဏီ အော်ရီဒူးတို့က မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရေးလုပ်ငန်းများ စတင်ရန် အခြေခံ အဆောက်အဦ တည်ဆောက်သည့် Vendor ကုမ္ပဏီများနှင့် ဆွေးနွေးနေကြောင်း ယင်းကုမ္ပဏီတို့က ကြေညာသည်။
Vendor ကုမ္ပဏီ အချို့နှင့် စတင် ဆွေးနွေးနေပြီး လိုင်စင်ရသည်နှင့် တည်ဆောက်မှုများ စတင်နိုင်မည် ဖြစ်ကြောင်း တယ်လီနော မြန်မာမှ အမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။
အခြား တင်ဒါအောင် ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် အော်ရီဒူး ကလည်း Erisson၊ Huawei၊ ZTE၊ Nokia-Siemens အစရှိသော Vendor ကုမ္ပဏီကြီးများအနက် တစ်ခုကို ရွေးချယ်၍ ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်မည်ဟု ထုတ်ဖော် ပြောဆိုသည်။
“အရွေးခံရတဲ့သူက မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့သူ ဖြစ်ရမယ့်အပြင် ဈေးနှုန်း ပိုင်းလည်း သင့်တင့်ရမယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ လုပ်ငန်းတွေ အတွက် တကယ် အသင့်တော်ဆုံး အကူအညီလည်း ဖြစ်ရမယ်” ဟု အော်ရီဒူး ကုမ္ပဏီမှ အဆင့်မြင့် ကိုယ်စားလှယ် Ross Cormack က ဆိုသည်။
တင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီ၏ စည်းမျဉ်းစည်းကမ်းများအရ တင်ဒါအောင် ကုမ္ပဏီ နှစ်ခုသည် လိုင်စင်ချထားပေးပြီး ရှစ်လ အကြာတွင် မိုဘိုင်းလ် ဝန်ဆောင်မှုများ စတင် ပေးရမည်ဖြစ်ကြောင်း၊ မဆောင်ရွက်နိုင် ပါက Performance Bond အဖြစ် အစိုးရထံတွင် အပ်နှံထားသော အမေရိကန် ဒေါ်လာ သန်း ၂၀၀ မှ သတ်မှတ် ပမာဏကို သိမ်းဆည်း မည်ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
“ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီတွေ လုပ်ခွင့်ရသွားတော့ သူတို့လည်း Vendor ကုမ္ပဏီတွေ ရှာရတော့မှာ။ ဒီတော့ နောက်ထပ် ပြိုင်ပွဲ တစ်ခု စတာပေါ့။ ဘယ် Vendor တွေ၊ ဘယ်ဆက်သွယ်ရေး ကုမ္ပဏီ အတွက် လုပ်ခွင့်ရမလဲဆိုတာ စိတ်ဝင်စားစရာပဲ” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစား အရာရှိ ဦးသန်းဦးက ဆိုသည်။
ကွန်ရက် တည်ဆောက်မှုများ ပြီးစီးပါက တယ်လီနော ကုမ္ပဏီက 2G စနစ်နှင့် 3G နှစ်မျိုးစလုံးကို တစ်ပြိုင်နက် သုံးစွဲမည်ဖြစ်ပြီး အော်ရီဒူး ကုမ္ပဏီက 3G ဖြင့် စတင် သုံးစွဲမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ နှစ်ခုက အသီးသီး ကြေညာထားကာ ငါးနှစ်အတွင်း မြန်မာ တစ်နိုင်ငံလုံး၏ ၈၀ ရာခိုင်နှုန်းကို မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက် လွှမ်းခြုံနိုင်စေမည်ဟု ဆိုထားသည်။
မြန်မာနိုင်ငံက တင်ဒါအောင် ကုမ္ပဏီ နှစ်ခုကို ထုတ်ပြန် ကြေညာခဲ့ ပြီးနောက် ပြည်ပ ကွန်ရက် တည်ဆောက်ရေးနှင့် Telecom Equipment Suppliers လုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီများ ဖြစ်သည့် Nokia-Seimens၊ Mobicon Network စသည့် ကုမ္ပဏီများလည်း ဆက်တိုက် ဝင်ရောက် လာသည်။
ဆက်သွယ်ရေး တာဝါတိုင် ဆောက်လုပ်ရေး ကုမ္ပဏီ Mobicon Network က အော်ပရေတာ နေရာ တွင် လုပ်ကိုင်မည့် ကုမ္ပဏီများကို Telecom Equipment ပစ္စည်းများ ထောက်ပံ့ တပ်ဆင် ထိန်းသိမ်း ပေးမည့် Vendor ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်ရန် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် သတ္တမ ပုံမှန် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေကြမ်း ကို အတည်ပြုမည်ဖြစ်ပြီး ယင်းသို့ အတည်ပြုပြီးပါက တင်ဒါအောင် ကုမ္ပဏီ နှစ်ခုကို ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ချထားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။
Ref & Credit: Myawaddy News

Chin Mobile Group a ka leng tu nan cung ah ka lawm Facebook Like Pek in Bawmh na ka duh ah cun Hi Ka hi Hmet Law Like Pekkhawh asi
No comments:
Post a Comment
Software, kan chiah piak mi hna le a tuahning ka tial mi ah , Nan tlamtling le tling lo kha Comment Pek khawh ka zuam peng uh tiah kan Nawl Hna!