9:56 AM |


မိုဘိုင်းဟန်းဆက်နှင့် ဆက်သွယ်ရေးပစ္စည်းများ လိုင်စင်မလိုဘဲ လွတ်လပ်စွာတင်သွင်းနိုင်မည်




ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည့် ဆက်သွယ်ရေးဥပဒေကြမ်းတွင် ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရာ၌ လိုင်စင်မလိုဘဲ တင်သွင်းနိုင်မည်ဟူသောအချက် ပါဝင်လာပြီဖြစ်သည်ဟု မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ အလုပ်အမှုဆောင် ဦးဇော်မင်းဦးက ပြောသည်။ ယခင်ကရေးဆွဲထားသော ဆက်သွယ်ရေးဥပဒေမူကြမ်းတွင် ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရန်အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လိုင်စင်လျှောက်ထားရမည်ဖြစ်သည်ဟု ပါရှိသော်လည်း ယခုဆွေးနွေးသောအချက်များတွင် ယင်းအချက်ကို ပယ်ဖျက်လိုက်သည်ဟု ပြည်သူ့လွှတ်တော် တွင် သွားရောက်ဆွေးနွေးသူ ဦးဇော်မင်းဦးက ပြောခြင်းဖြစ်သည်။
ယင်းသို့လိုင်စင်လျှောက်ထားရမည့်အချက်ကို ပယ်ဖျက်လိုက်ပြီး ကုန်သွယ်ရေးတွင် ကုန်သွယ်ခွင့်လိုင်စင်ဖြင့် မိမိတင်သွင်းလိုသော ဆက်သွယ်ရေးပစ္စည်းများအတွက် အမည်တင်သွင်းကာ ဈေးကွက်အတွင်း တင်သွင်းနိုင်မည်ဖြစ်သည်ဟု ၎င်း၏ပြောကြားချက်အရ သိရသည်။
ဦးဇော်မင်းဦးက “စတင်ရေးဆွဲခဲ့တဲ့ဥပဒေကြမ်းမှာတုန်းက ဆက်သွယ်ရေးလိုင်စင်မရှိဘဲ ပစ္စည်းတင်သွင်းရင် ဥပဒေအရ အရေးယူလို့ရတယ်။ လုပ်ဖို့ကြံရွယ်ရင်တောင် အရေးယူလို့ရတဲ့သဘောဖြစ်နေ တယ်။ အခု အဲဒီအချက်ကို ဖြုတ်လိုက်တယ်။ ကုန်သွယ်ခွင့်လိုင်စင်ရှိထားတဲ့ ကုန်သည်တွေအနေနဲ့ ကုန်သွယ်ရေးရာက ခွင့်ပြုချက်ရတာနဲ့ သွင်းချင်သလို သွင်းလို့ရသွားမယ်”ဟုပြောသည်။
လက်ရှိအနေအထားတွင် ပြည်တွင်းဈေးကွက်သို့ မိုဘိုင်းဟန်းဆက်များ တင်သွင်းရာတွင် တရားဝင်လိုင်စင်ဖြင့် တင်သွင်းသူများရှိသကဲ့သို့ တရားမ၀င်တင်သွင်းမှုများလည်းရှိသည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ဈေးကွက်အတွင်းက ပြောကြားချက်များအရ တရားမ၀င်တင်သွင်းသည့်မိုဘိုင်းဟန်းဆက်များ ပိုများကြောင်းလည်း သိရသည်။
ယင်းသို့ဆက်သွယ်ရေးပစ္စည်းများဖြစ်သည့် ဟန်းဆက်များတင်သွင်းခြင်းနှင့်ပတ်သက်ပြီး ပြည်တွင်းတွင် ဆမ်ဆောင်းမိုဘိုင်းဟန်းဆက်များ ဖြန့်ချိရေးကိုယ်စားလှယ်ဖြစ်သည့် Mobitel မှ ဒါရိုက်တာ ကိုကောင်းဆက်က “ခွင့်ပြုချက်လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြုလာမယ်ဆိုရင် အာမခံချက်ကောင်းကောင်းနဲ့ ၀န်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ဆိုင်တွေပဲ ဈေးကွက်ပိုရလာမယ်။ နောက် နိုင်ငံတကာဈေးနှုန်းနဲ့ မကွာခြားတော့တဲ့ဈေးနှုန်းတွေနဲ့ ဖြစ်လာမယ်။ မိုဘိုင်းဈေးနှုန်းတွေ ကျဆင်းလာနိုင်မယ်”ဟု သုံးသပ် ပြောသည်။
ဆက်သွယ်ရေးဥပဒေကြမ်းနှင့်ပတ်သက်ပြီး အကြံပြုလိုသူများသည် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီရေးရာဆောင်သို့ ဇူလိုင် ၁၂ ရက်မှ ၁၅ရက်အထိ လာရောက်ဆွေးနွေး နိုင်သည်ဟု လွှတ်တော်က ကြေညာခဲ့သည်။ ယင်းသို့ကြေညာပြီးနောက်ပိုင်း သွားရောက်ဆွေးနွေးရာ ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပြင်ဆင်ထားသည်များရှိပြီး နိုင်ငံတကာအဆင့်မီသည့်အနေအထားတွင် ရှိသည်ဟု လည်း သွားရောက်ဆွေးနွေးနေသူ ဦးဇော်မင်းဦးကပြောသည်။
Ref & Credit: Mizzima News in Burmese

No comments:

Post a Comment

Software, kan chiah piak mi hna le a tuahning ka tial mi ah , Nan tlamtling le tling lo kha Comment Pek khawh ka zuam peng uh tiah kan Nawl Hna!